IGCSE မှာ A ရဖို့ တစ်နေ့ကို ၁၀ နာရီ စာလုပ်ဖို့ လိုလား?*
ကျောင်းသားတော်တော်များများက IGCSE မှာ A* ရဖို့ဆိုရင် တစ်နေ့ကို ၈ နာရီ၊ ၁၀ နာရီလောက် စာလုပ်ရမယ်လို့ ထင်တတ်ကြပါတယ်။ တချို့ဆိုရင် ကိုယ်က တစ်နေ့ကို ၃ နာရီ၊ ၄ နာရီပဲ စာလုပ်နိုင်လို့ တခြားသူတွေထက် နောက်ကျနေပြီလို့တောင် ခံစားရတတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အမြဲပြောလေ့ရှိတာတစ်ခုရှိပါတယ်။ စာလုပ်တဲ့အချိန်အရေအတွက်ထက် ကိုယ်လုပ်နေတဲ့အချိန်ကို ဘယ်လောက်ထိရောက်အောင် အသုံးချနိုင်လဲဆိုတာက ပိုအရေးကြီးပါတယ်။
ဥပမာ တစ်နေ့ကို ၁၀ နာရီ စာလုပ်ပေမဲ့ စာအုပ်ကိုပဲ ထပ်ခါထပ်ခါဖတ်နေတယ်၊ Past Papers တွေ မဖြေဖြစ်ဘူး၊ ကိုယ်မှားထားတဲ့မေးခွန်းတွေကိုလည်း ပြန်မလေ့လာဘူးဆိုရင် အချိန်ကုန်သွားပေမဲ့ ရလဒ်က မတိုးတက်နိုင်ပါဘူး။ တစ်ဖက်မှာ တစ်နေ့ကို ၃ နာရီပဲ စာလုပ်နိုင်ပေမဲ့ Past Papers တွေကို သေချာဖြေတယ်၊ Mark Scheme နဲ့တိုက်စစ်တယ်၊ ကိုယ်မှားတဲ့အကြောင်းရင်းကို ရှာတယ်၊ Examiner တွေက အဖြေတစ်ခုမှာ ဘာတွေမျှော်လင့်ထားလဲဆိုတာကို နားလည်အောင် လေ့လာတယ်ဆိုရင် ပိုပြီးထိရောက်တဲ့ ရလဒ်ကို ရရှိနိုင်ပါတယ်။ ဒါကြောင့် A* ရဖို့အတွက် စာလုပ်ချိန်ကိုပဲ အဓိကထားမကြည့်ဘဲ ကိုယ်တကယ်တိုးတက်လာရဲ့လားဆိုတာကို တိုင်းတာတတ်ဖို့ လိုပါတယ်။ အရေးကြီးဆုံးက ကိုယ်ဘယ်လောက်ကြာကြာ စာလုပ်ခဲ့လဲဆိုတာထက် ဒီနေ့ဘာတွေတတ်မြောက်သွားလဲ၊ ဘယ်အမှားတွေကို ပြင်ဆင်နိုင်ခဲ့လဲ၊ အရင်ကထက် အမှတ်ပိုရလာလားဆိုတာတွေကို ပြန်လည်သုံးသပ်ဖို့ပါ။
ဒီနေ့ကစပြီး ကိုယ်လေ့လာမယ့် Subject နဲ့ Topic ကို တိတိကျကျ သတ်မှတ်ပါ။ Past Paper မေးခွန်းတွေကို ဖြေပြီးတာနဲ့ Mark Scheme နဲ့တိုက်စစ်ပါ။ မှားသွားတဲ့မေးခွန်းတွေကို Error Log တစ်ခုထဲမှာ မှတ်ထားပြီး ဘာကြောင့်မှားခဲ့လဲဆိုတာကို ပြန်လေ့လာပါ။ အပတ်တိုင်း ကိုယ့်ရဲ့အမှတ်တွေ၊ အားနည်းတဲ့ Topic တွေနဲ့ ထပ်ခါထပ်ခါမှားနေတဲ့ မေးခွန်းအမျိုးအစားတွေကို ပြန်သုံးသပ်ပါ။ ဒီလိုလုပ်သွားရင် ကိုယ့်ရဲ့စာလုပ်ချိန်ကို ပိုပြီးထိရောက်အောင် အသုံးချနိုင်မှာပါ။
နောက်ဆုံးတစ်ခု ပြောချင်တာက A* ရဖို့ဆိုတာ စာအုပ်ရှေ့မှာ နာရီပေါင်းများစွာ ထိုင်နေရုံနဲ့ မလုံလောက်ပါဘူး။ ကိုယ်သင်ယူထားတာကို မေးခွန်းတွေမှာ မှန်မှန်ကန်ကန် အသုံးချနိုင်ဖို့နဲ့ ကိုယ့်ရဲ့အားနည်းချက်တွေကို တစ်ခုပြီးတစ်ခု ပြုပြင်သွားဖို့ လိုပါတယ်။ တခြားသူတွေနဲ့ စာလုပ်ချိန်ကို နှိုင်းယှဉ်မနေဘဲ ကိုယ့်ရဲ့တိုးတက်မှုကိုပဲ အာရုံစိုက်ပါ။
ကျွန်တော်အမြဲယုံကြည်တာက စာလုပ်ချိန်များတာထက် စာလုပ်တဲ့နည်းလမ်းမှန်ကန်ဖို့နဲ့ ကိုယ့်အမှားတွေကို အမြဲပြင်ဆင်သွားဖို့က ပိုအရေးကြီးပါတယ်။ စာလုပ်ချိန်ကိုပဲ မတွက်ပါနဲ့။ ကိုယ့်ရဲ့တိုးတက်မှုကိုပါ တိုင်းတာပါ။ သင်ကရော တစ်နေ့ကို ဘယ်နှနာရီ စာလုပ်ဖြစ်လဲ။ ကိုယ့်ရဲ့စာလုပ်နည်းလမ်းက ဘယ်လိုရှိလဲဆိုတာ Comment မှာ မျှဝေပေးခဲ့ပါဦး။
#IGCSE #IGCSEMyanmar #StudyTips #TrPhillips
